အခက်အခဲဆိုတာ လူတိုင်းကြုံတွေ့ရတာပါဘဲ။ အနည်းအများတော့ ကွာချင်ကွာမယ်ပေါ့။ ဒါပေမဲ့ လူတိုင်းကတော့ ကိုယ်ကြုံတွေ့ရတဲ့အခက်အခဲကို အကြီးဆုံး အခက်အခဲလို့ ထင်မြင်ယူဆတတ်ကြတာကိုတွေ့ရပါတယ်။ ပထမဆုံး တိုက်တွန်းချင်တာကတော့ ကိုယ်တစ်ယောက်ထဲ အခက်အခဲတွေကြုံနေရတာမဟုတ်ပါ ဘူး လူသားတိုင်းလိုလိုဟာ သူ့အခက်အခဲနဲ့သူ ကိုယ်စီရှိကြတယ်ဆိုတာကို နားလည်ထားစေချင်ပါတယ်။ ဒါမှသာ ကိုယ့်တစ်ယောက်ထဲကွက်ပြီး ဒီအခက်အခဲ တွေ ကြုံတွေ့ရတာလို့ထင်တဲ့ စိတ်ဓါတ်ကျစရာ အတွေးတွေ လျှော့နည်းသွားမှာ ဖြစ်ပါတယ်။ သေသေချာချာ စဉ်းစားကြည့်ရင်သိနိုင်ပါတယ်။ ငယ်ရွယ်စဉ်အချိန်၊ ကျောင်းနေစာသင်တဲ့အချိန်၊ လူလတ်ပိုင်းအချိန်၊ အသက်တွေကြီးလာတဲ့အချိန် အားလုံးလိုလိုမှာ အခက်အခဲတွေ သူ့နည်းသူ့ဟန်နဲ့ ရှိတတ်ကြတာပါ။
လူတစ်ယောက်အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့ အသက်ရှင်ဖို့အတွက်လိုအပ်တဲ့ အစားအသောက်(ဆေ၀ါးကုသမှုပါ အပါအ၀င်)၊ အရှက်တရားလုံခြုံစေမဲ့ အ၀တ်အစားနှင့် ရာသီဥတုဒဏ်ကိုခံနိုင်တဲ့ နေစရာနေရာတစ်ခုကို ရအောင်ဖြစ်အောင်တည်မြဲနေအောင် လုပ်ဆောင်ရတဲ့အခါမှာတောင် အခက်အခဲတွေအများ ကြီးကို တွေ့ကြုံ ကျော်ဖြတ်ရတာပါ။ ဒီထက်ပိုတဲ့ အခြားလိုချင်မှုတွေအတွက် အခက်အခဲတွေကတော့ ပြောမပြတတ်လောက်အောင်များပြားလှပါတယ်။ ရှေးက တည်းက လူသားတွေရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒတွေနဲ့ အဆုတ်မနစ်ကြိုးစားခဲ့ကြပြီး တွေ့ကြုံလာသမျှအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့လို့လည်း လူနေမှုဘ၀တွေ တိုးတက်လာတယ်၊ နည်းပညာတိုးတက်လာတယ်၊ လောကကြီး အကျိုးရှိစေမယ့်ပညာရပ်တွေလည်း အများကြီးထွန်းကားလာခဲ့တာပါ။
လူတိုင်း အခက်အခဲတွေကို ကြုံတွေ့နေတာကတော့ အသေအချာပါ။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်အောင် ဖြေရှင်းနိုင်အောင် ကြံစည်ကြိုးစားအား ထုတ်နေတဲ့လူတွေရှိကြသလို၊ တွေ့ကြုံနေတဲ့အခက်အခဲတွေကိုစဉ်းစားရင်း စိတ်ပျက် အားလျှော့ စိတ်ဓါတ်တွေကျဆင်းနေတဲ့သူတွေလည်း ရှိကြပါတယ်။ လေ့ လာတွေ့ရှိချက်တွေအရ စိတ်ပျက် အားလျှော့ စိတ်ဓါတ်ကျဆင်းနေတဲ့လူတွေရယ်၊ စိတ်ထဲထင်တာကို ဇွတ်လုပ်တတ်တာတွေကို ပိုပြီးတွေ့ရပါတယ်။ အခက်အခဲ တစ်ခုကို မဖြေရှင်း မကျော်ဖြတ်နိုင်တဲ့သူဟာ စာမေးပွဲကျလို့ အတန်းမတက်ရတဲ့ ကျောင်းသားတစ်ယောက်နဲ့တူပါတယ်။ အတန်းမတက်ရဘဲ ဒီအခက်အခဲကိုဘဲ ဆက်ကြုံတွေ့နေရမှာပါ။ ကြာလာတော့ စိတ်ဓါတ်ပါ ကျဆင်းလာတတ်ပါတယ်။ အခက်အခဲဆိုတာကို ကြောက်လာတတ်ပါတယ်။ အခက်အခဲဆိုတာ တခါတလေ သင်္ချာပုဒ်စာလိုပါဘဲ၊ အစပိုင်းမှာ အခက်တွေ့ပေမဲ့ ကြိုးစားချင်စိတ်နဲ့လုပ်ဆောင်မယ်ဆိုရင်တော့ တဖြေးဖြေး ပျော်စရာကောင်းလာမှာပါ။ အခက်အခဲတစ်ခုကို ဖြေရှင်းလိုက်နိုင်တာနဲ့ မိမိကိုယ်ကို ယုံကြည်သောစိတ်တွေရလာမယ်၊ ဥာဏ်ပညာပိုပြီး တိုးတက်လာမယ်၊ ပိုမြင့်မားတဲ့အဆင့်တစ်ခုကို ရောက်မယ်ပေါ့၊ အခြား အ ကျိုးတရားတွေလည်း အများကြီးပါ။ အခက်အခဲတစ်ခုကို ကျော်ဖြတ်လိုက်နိုင်တာနဲ့ ဒီထက်ခက်တဲ့ အခက်အခဲတွေက စောင့်ကြိုနေအုန်းမယ်ဆိုတာကိုတော့ မမေ့လိုက်ပါနဲ့။ အတန်းတစ်တန်းအောင်သွားရင် နောက်အတန်းသစ်ကိုရောက်လိုက်တာနဲ့ သင်ရမယ့်စာတွေကတော့ နည်းနည်းတော့ ပိုခက်လာမှာသေချာပါ တယ်။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်အောင် တဖြေးဖြေး အကျင့်လုပ်ယူရပါတယ်။ တဖြေးဖြေး တိုးတက်လာမှာပါ။ ဇွဲလုံလတော့ ရှိရန်လိုပါတယ်။
တချို့ကထင်တတ်ကြပါတယ်။ အောင်မြင်နေတဲ့သူတွေ၊ တိုးတက်ကြီးပွားနေတဲ့သူတွေဟာ အရာအားလုံးအဆင်ပြေမယ်လို့။ မထင်လိုက်ပါနဲ့နော်။ သူတို့တတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေက ပိုလို့တောင်များပါသေးတယ်။ ကြီးမားသော အောင်မြင်မှုတွေအတွက် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေက အများကြီးပါ။ ကြီးမားသော အခက်အခဲတစ်ခုကို ကျော်ဖြတ်လိုက်နိုင်တာနဲ့ ကြီးမားသောအောင်မြင်မှုနှင့်အတူ ပိုခက်တဲ့ အခက်အခဲတွေကလည်း အသင့်စောင့်နေပါတယ်။ ကျွန်တော့ဘ၀မှာလည်း နည်းလမ်းမျိုးစုံနှင့် ဖြေရှင်းခဲ့ရပါတယ်။ တခါတလေ စွန့်စားပြီး ဖြေရှင်းရတာတွေ၊ ဘ၀ပျက်သွားနိုင်တဲ့ဆိုတဲ့ အခက်အခဲအချို့ကို ဖြေရှင်းနိုင်ခဲ့တဲ့အတွက် ကောင်းကျိုးများကိုလည်း ရခဲ့တာတွေလည်း ရှိပါတယ်။ ကျွန်တော်မှာ သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ အလယ်တန်းကျောင်းသားဘ ၀ ကတည်းက ခုအချိန်အထိ ခင်မင်လာရတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလို့ ပြောရင်တောင် ရမည်ထင်ပါတယ်။ အလွန်လည်း အားနာတတ်ပြီး၊ အပေါင်းအသင်းကလဲ အလွန်များသူလည်းဖြစ်ပါတယ်၊ သူများကိုလည်း အလွန်ကို အကူအညီပေးတတ်ပါတယ်။ သူ့ဘ၀မှာ ဘ၀တိုးတက်မြင့်မားနိုင်တဲ့ အခွင့်အလမ်းတွေ တော်တော် ကလေး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အခွင့်အလမ်းကောင်းဆိုတာတွေကလည်း အခက်အခဲတွေနဲ့ပါ။ သူက အခက်အခဲတွေ့ရင် ခေါင်းအရှုပ်မခံချင်ဘူး၊ ရှောင်ပြေးဖို့သာ စဉ်းစားတတ်ပါတယ်။ ဒီအတွက်လည်း အလွန်ကောင်းသော အခွင့်အလမ်းများကို ဆုံးရှုံးခဲ့ရပါတယ်။ ခုအချိန်အထိလည်း အခက်အခဲဆိုကို ရင်ဆိုင်တွေ့တာနဲ့ ဘယ်လို ဖြေရှင်းမလဲဆိုတာကို မစဉ်းစားတော့ဘဲ၊ ဘယ်လိုရှောင်ပြေးရင် ကောင်းမလဲဆိုကိုသာ တွေးတဲ့အကျင့်က ပါနေတုန်းပါ။ ယခုအချိန်မှာတော့ အရင်ကရခဲ့ဖူးတဲ့ အခွင့်အလမ်းဆိုတာကို မရနိုင်တော့အချိန်မှာ အလွန်ကို သနားစရာကောင်းတဲ့ လူတစ်ယောက် ဖြစ်နေရပါတယ်။ ဒါကြောင့် အခက်အခဲတွေ့တိုင်း ရအောင် ဖြေရှင်းမယ် ရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ စိတ်ဓါတ်ကို မွေးမြူထားသင့်ပါတယ်။ မိမိလိုချင် သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ အခက်အခဲဆိုက ကိုယ့်ဆီကို ရောက်လာမှာသေချာပါတယ်။
ပထမဆုံးအကြံပေးချင်တာကတော့ အခက်အခဲတစ်ခု ကြုံတွေ့လာရင် ခေါင်းအေးအေးထားပါ။ အခက်အခဲအားလုံးကို လုံးထွေးပြီး တလုံးတည်း ရှင်းရန် မကြိုးစား ပါနှင့်၊ ကိုယ်နိုင်သလောက်အပိုင်းကစပြီး ကိုင်တွယ်ပါ။ ဖြေရှင်းမှုတစ်ခုလုပ်ပြီးတိုင်း တုံ့ပြန်မှုတွေကို သုံးသပ်ရန် မမေ့ပါနဲ့။ ပို၍ ပို၍ကောင်းလာအောင် အားထုတ် ပါ။ လိုအပ်လျှင် နည်းစနစ်ကို ပြောင်းပါ။ အခက်အခဲတစ်ခုကို ဖြေရှင်းရန် ဆုံးဖြတ်ချက်ချတဲ့အခါ မှားတတ်တဲ့အချက် လေးချက်ရှိပါတယ်။ အမှားဖြစ်မှာကို ကြောက်တတ်တဲ့စိတ်ဖြစ်နေရင်၊ ဖြစ်ချင်စိတ်သိပ်များနေရင်၊ ကိုယ့်လုပ်ချင်တဲ့ကိစ္စကို ကိုယ်ကိုတိုင်က သိပ်ကြိုက်နေရင်။ ကိုယ်ကိုတိုင်က ဖြစ်ပါ့မလားလို့ထင်နေ ရင် တိကျတဲ့ အဆုံးအဖြတ်တစ်ခု အဖြေတစ်ခုကိုရဖို့ သိပ်ပြီးခက်သွားနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခုတော့ အကြံပေးလိုပါတယ်။ မှားမှာကို မကြောက်ပါနဲ့၊ လူတွေ အပစ်တင်ဝေဖန်မှာကို မကြောက်ပါနဲ့။ လူတိုင်းမှားတတ်ပါတယ်။ အလုပ်မစခင်ဖြစ်နိုင်တဲ့ ဖြစ်လာနိုင်တဲ့အချက်အလက်တွေကို အားလုံးစဉ်းစားပြီးလုပ်ဆောင်ပါ။ တကယ်လို့ မှားယွင်းခဲ့ပါလျှင် ဆက်မမှားအောင် ချက်ချင်းရပ်ပါ။ တွေ့ရတဲ့ အမှားအပေါ်မှာ သင်ခန်းစာရအောင်ယူပါ။ နည်းစနစ်ကိုအမြန်ဆုံးပြောင်းနိုင်အောင် ကြိုးစားပါ။
တခါတလေ အခြားအတွေ့အကြုံများသူများကို တိုင်ပင်ပါ။ သူတို့ပေးသော အကြံများသည် ကိုယ့်နှင့်တော့ အထပ်တည်းမကျနိုင်ပါ။ လိုမည်ထင်သည်များကိုသုံးပါ ဒီနေရာမှာလည်း မတိုင်ပင်သင့်သောလူမျိုး လေးမျိုးရှိပါသည်။ ထိုအချက်ကို အထူးဂရုပြုစေလိုပါသည်။ လောဘအလွန်ကြီးသောသူ၊ မိမိကို မလိုလားသောသူ၊ အလွန်ကြောက်တတ်သောသူ၊ ဆုံးဖြတ်ချက်ချတဲ့အခါမှာ အလွန်တွန့်ဆုတ်တတ်သောသူမျိုးတွေကို အတိုင်ပင်မိအောင် သတိထားပါ။
တစ်ခုတော့သတိထားစေချင်ပါတယ်။ လူတစ်ယောက်ဟာ ရောဂါဝေဒနာတစ်ခုဖြစ်လာတယ်ဆိုကြပါစို့။ ပထမဆုံးရောဂါရဲ့လက္ခဏာတွေကို အရင်တွေ့ရမှာ ဖြစ်ပါတယ်။ တွေ့ရတဲ့လက္ခဏာတွေကို လေ့လာသုံးသပ်ပြီး ဘာရောဂါလည်းဆိုတာကို အဖြေထုတ်ရပါတယ်။ ပထမပိုင်းမှာ ရောဂါရဲ့လက္ခဏာကို သက်သာ လျှော့ပါးသွားအောင်ပြုလုပ်ရပါတယ်။ ဒီနောက် ရောဂါရဲ့ဇစ်မြစ်ကို တွေ့ပြီဆိုရင် ဖြစ်နေတဲ့ရောဂါကို အပြီးတိုင် သို့တည်းမဟုတ် အကောင်းဆုံးဖြစ်အောင်ကုသရ ပါတယ်။ အခက်အခဲတစ်ခုကို ဖြေရှင်းတဲ့အခါမှာလည်း ဒီအခက်အခဲတစ်ခုရဲ့ ဇစ်မြစ်ကို သေသေချာချာ သိအောင်ကြိုးစားရမှာဖြစ်ပါတယ်။ ဒါမှာသာ အကောင် ဆုံး ဖြေရှင်းနည်းနှင့် အကောင်းဆုံးသောအကျိုးရလဒ်ကို ရမှာဖြစ်ပါတယ်။
လူတိုင်း ကိုယ်ကြုံတွေ့နေရတဲ့ အခက်အခဲအားလုံးကို ဖြေရှင်းတဲ့နေရာမှာ အကောင်းဆုံးမဖြစ်ရင်တောင်မှ နည်းနည်းတော့ အထောက်အကူဖြစ်မယ်လို့ထင်မိပါ သည်။

No comments:
Post a Comment