ကျွန်တော်သတိထားမိတာလေးတစ်ခုရှိတယ်။ တစ်ပုံတည်း သို့မဟုတ် ခပ်ဆင်ဆင်တူနေတဲ့အမှားမျိုးကို တစ်ကြိမ်မကလုပ်ဖူးတယ်ဆိုတာကိုပါ။ ဘာကြောင့်များ အကြိမ်ကြိမ် တစ်ထပ်တည်းနီးပါးမှားနေရတာလည်းဆိုကို စဉ်းစားမိရင်း ဖြစ်နိုင်ချေရှိတာလေးတစ်ခုသိလာရတယ်။ ပထမတစ်ခါကတည်းက ငါမှားသွားတယ်လို့ နှစ်နှစ်သက်သက်မခံယူလိုက်မိလို့ မှားတယ်လို့မထင်လိုက်လို့ဖြစ်မယ်။ အမှားတစ်ခုခုဖြစ်တာနဲ့ ပတ်ဝန်းကျင်ကြောင့်၊ အခြေအနေတစ်ခုခုကြောင့်လို့ ထင်မိ သုံးသပ်မိတာကစပြီး နောက်ထပ် ထပ်မှားတော့တာပါဘဲ။ အမှားတခုကိုပြင်တယ်ဆိုတာ တစ်ခါတလေ နောက်အမှားတစ်ခုဖြစ်တတ်တာကိုလည်း တွေ့ရတယ်။ လုပ်ရပ်တစ်ခု မှားနေလားဆိုတာ ထွက်ပေါ်လာတဲ့အကျိုးတရားနဲ့ ယေဘူယျ သုံးသပ်လို့တော့ရပါတယ်။ အကျိုးရလဒ်တွေက မကောင်းဘူးဆိုရင် လုပ်ရပ်ကို ချက်ချင်းရပ်ပြီး သေသေချာချာ သုံးသပ်သင့်ပါတယ်။ တကယ်လို့မှားနေရင် မှားသွားပါလားလို့ နှစ်နှစ်သက်သက်လက်ခံပြီ ဒီဖြစ်ရပ်ပေါ်က သင်ခန်းစာယူမယ်။ လိုအပ်တာပြုပြင်မယ်ဆိုရင် သိပ်မမှားတော့ဘူးပေါ့။
မှားတာက အပြစ်တစ်ခုတော့ မဟုတ်ပါဘူး။ လူတိုင်းမှားတတ်ကြတာပါဘဲ။ မှားနေတာကို သင်ခန်းစာမယူနိုင်တာရယ် မပြင်နိုင်တာရယ်ကမှ တကယ့် ပြဿနာ တစ်ခုပါ။ ကြားဖူးတဲ့စကားလေးတစ်ခွန်းရှိတယ်။ ချော်လဲတာအပြစ်မဟုတ်ပါဘူးတဲ့ ပြန်မထနိုင်တာက အပြစ်ပါတဲ့။

No comments:
Post a Comment